တာချီလိတ်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

တာချီလိတ် မတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများကို အားကစားနည်းကိုးမျိုးဖြင့် မတ်လ ၁ ရက်‌နေ့မှ  စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်၊ ကိုယ်ခန္ခာကျန်းမာကြံခိုင်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် ကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စနူကာ၊ တိုက်ကွမ်ဒို၊ ကရာတေး အားကစားနည်းများကို မြို့မအားကစားကွင်းတွင်လည်းကောင်း၊ စားပွဲတင်တင်းနစ်၊ ဘက်စကတ်ဘော ကစားနည်းများကို ခရိုင်အားကစားခန်းမတွင်လည်းကောင်း၊ ကြက်တောင်ရိုက်ကစားနည်းကို ကြက်တောင်အားကစားရုံနှင့် လက်ဝှေ့အားကစားနည်းကို TCL (KOMBAT) လက်ဝှေ့ရုံတို့တွင် အချိန်ခွဲခြား၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စနူကာ၊ တိုက်ကွမ်ဒို၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဘက်စကတ်ဘော၊ ကြက်တောင်၊ လက်ဝှေ့အားကစားနည်း ကိုးမျိုးဖြင့် မတ်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အခမဲ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)