တိုက်ကြီးမြို့နယ်၌ မီးဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်ပါ မီးသတိပေးဆိုင်းဘုတ် စိုက်ထူပွဲ ကျင်းပ

တိုက်ကြီး ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက “သင့်ကြောင့်မီးမလောင်ပါစေနှင့်” ဆောင်ပုဒ်နှင့် အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံပါတ်ပါ မီးသတိပေးဗီနိုင်းဆိုင်းဘုတ်ကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက် ၉ နာရီအချိန်က အုတ်ပုံစုရပ်ကွက်၊ ဂျိုးဖြူကန်လမ်းနှင့် ဒေါနလမ်းထိပ်တွင် စုပေါင်းစိုက်ထူသည်။

ပွင်းလင်းရာသီတွင် ပြည်သူများအနေဖြင့် မီးဘေးလုံခြုံရေးနှင့်စပ်လျဉ်း၍ မီးဘေးအသိ၊ သတိရှိစေရန် ရည်ရွယ်ကာ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်း ဆောင်ပုဒ်နှင့်အညီ မီးဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေစေရေးအတွက် “သင့်ကြောင့်မီးမလောင်ပါစေနှင့်”၊ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ် ၁၉၁ ပါ ဗီနိုင်းဆိုင်းဘုတ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများက လူစည်ကားရာနေရာတွင် စုပေါင်းစိုက်ထူခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)