ရန်ကင်းမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကင်း ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယ‌နေ့ နေ့လယ် (၁) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှတိုးက အဖွင့်အမှာစကားပြောကြားရာတွင် မြို့မစာကြည့်တိုက်သည် ယခင်ကထက်စာလျှင် ယခုအခါ အတိုင်းအတာတစ်ခုအထိ ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း၊ စာကြည့်တိုက်ဆက် လက်ရှင်သန်ရေးလုပ်ငန်းများအနေဖြင့် ရန်ပုံငွေရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမောင်မောင်အုန်း၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ စာကြည့်တိုက်များ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပြည်သူများ၊ ရပ်မိရပ်ဖများ၊ စာကြည့်တိုက်ကော်မတီ၀င်များမှ ပူးပေါင်းပြီး ကိုယ်တိုင်ရပ်တည်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ရှင်သန်ခိုင်မာရေးမှာ ရပ်ကွက်တွင် တာ၀န်ရှိကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ၀င် ဒေါ်အေးပွင့်မှ မြို့မစာကြည့်တိုက်သည် ပြည်ထောင်စု၀န်ကြီး၏ ပံ့ပိုးမှု၊ လူငယ်ရေးရာ၀န်ကြီး၏ ပံ့ပိုးမှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုများဖြင့် စာကြည့်တိုက် ဥပဓိရုပ်တိုးတက်ကောင်းမွန်လာကြောင်း၊ ရပ်ကွက်နေပြည်သူများအနေဖြင့် စာကြည့်တိုက်ဖွင့်လှစ်ထားရှိခြင်းအား မသိရှိသေးကြောင်း၊ စိတ်၀င်စားမှု လျော့နည်းနေတာတွေကို တွေ့ရကြောင်း၊ ပြည်သူများ စိတ်၀င်စားလာအောင် ကော်မတီများအနေဖြင့် မည်သို့ဆောင်ရွက်ရမည်ဆိုတာကို အကြံပြုပေးစေလိုကြောင်း စသည်ဖြင့် စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့ပြီး မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်လှလှထွေးက စာကြည့်တိုက်များ ဆက်လက်ရှင်သန်ဖို့ရာမှာ စာကြည့်တိုက်အတွင်း activity များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများကို ဖိတ်ခေါ်၍ နေ့ကြီးရက်ကြီးများတွင် အထိမ်းအမှတ်နေ့များအဖြစ် ပြပွဲပြိုင်ပွဲများ ဆောင်ရွက်ပေးစေလိုကြောင်း၊ သင်တန်းများ ဖွင့်လှစ်ပေးစေလိုကြောင်း၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ စာဖတ်ဝိုင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ပါသည်။

ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှတိုးနှင့် အဖွဲ့များက ဆွေး‌နွေးချက်များအပေါ် အကြံပြုသုံးသပ်ခဲ့ကြပြီး စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးကို မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ရပ်ကွက်စာကြည့်တိုက်ကော်မတီအဖွဲ့၀င်များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရဲလေး (ပြန်ဆက်)