အင်းစိန် ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးအောင်နိုင်ထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးလာမာဆာအေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ၁၁-၃-၂၀၂၆ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများဖြစ်သည့် နံ့သာကုန်းရပ်ကွက်ရှိ အ.ထ.က(၁)၊ အောင်ဆန်းရပ်ကွက်ရှိ အ.ထ.က(၃)၊ ရွာမအလယ်ရပ်ကွက်ရှိ အ.ထ.က(၆) ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုနိုင်ရေး လေဝင်လေထွက်ကောင်းမွန်ပြီး အလင်းရောင်ကောင်းမွန်စွာရရှိသည့် စာဖြေခန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများ၊ စာမေးပွဲ ဖြေဆိုကျင်းပနေစဉ်ကာလ ကျောင်းဝင်းအတွင်းနှင့် ကျောင်းအနီးပတ်ဝန်းကျင်ရပ်ကွက်ရှိ လူနေအိမ်များတွင် လူတို့၏ပေါ့ဆမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အနှောက်အယှက် မဖြစ်ပွားစေရန် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများ၊ ကျောင်းဝင်းအတွင်းရှိ စာဖြေခန်းများနှင့် စာသင်ကျောင်းဆောင်များ၌ လျှပ်စစ်မီးလိုင်း၊ မီးကြိုးနှင့် မီးခလုပ်များအား စနစ်တကျ သွယ်တန်းတပ်ဆင်ထားရှိရေး၊ အရေးပေါ်မီးသတ် ဆေးဗူးများ အရန်သင့်ချိတ်ဆွဲထားရှိရေး၊ အမြင့်တင်ရေစင်နှင့် ရေစုကန်များ၌ အရေးပေါ်ရေများ အရန်သင့်ဖြည့်တင်းထားရှိရေး၊ အပေါ့စားမီးငြှိမ်းသတ်စက်များ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေးစသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)