မရမ်းကုန်း ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက (Book Club) စာပေချစ်သူများ အဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဇော်အောင် (လှိုင်သာယာ) ရေးသားထားသည့် ''ခဏလေးပါ" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မြေလတ်ထင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း နာယက ကျော်ဇင်ဝင်း (မရမ်းကုန်း) က မုဒိတာစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများနှင့် စာပေချစ်မြတ်နိုးသူများက စာရေးဆရာ ဇော်အောင် (လှိုင်သာယာ) ရေးသားထားသည့် "ခဏလေးပါ'' ဆောင်းပါးပါအချိန်၏ အရေးပါပုံ၊ ခဏတာအတွင်း အဖြစ်ပျက်များစွာ ဖြစ်ပေါ်သွားနိုင်ပုံ အတွေ့အကြုံများ၊ စကားလုံးအသုံးအနှုန်း၊ ဆက်စပ်မှုလိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)