ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောကာ မီးငြှိမ်းသတ်ရေး သရုပ်ပြ

ဒဂုံတောင် ဖေဖော်ဝါရီ ၂

ခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ ဖေဖော်ဝါရီလ နံနက် ၁၀ နာရီ ၃၀မိနစ်အချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုန်(၁)မိုးကုတ်လမ်းရှိ အေးရှားဝေါ်ကုပ္မဏီပိုင် ပီနံအိတ်ချုပ်စက်ရုံဝန်ထမ်းများအား အသိပညာပေးဟောပြောခြင်းနှင့်အတူ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့‌‌ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးနိုင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များဖြင့် စက်ရုံ၊ အလုပ်ရုံများ မီးဘေးလုံခြုံ‌ရေး စစ်ဆေးဆောင်ရွက်ခြင်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရန်၊ မီးလောင်လွယ်သည့် ပစ္စည်းများစနစ်တကျထားသိုသိမ်းဆည်းရန်၊ စသည့်နည်းလမ်းများကို အကျယ်တဝင့် ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဂက်(စ်)မီးဖို၏ မီတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ စက်သုံးဆီများမီးလောင်ကျွမ်းမှုအပေါ် ငြှိမ်းသတ်မှုနည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာ‌သော စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

သန်းသန်းအေး(ပြန်/ဆက်)