တောင်သာမြို့၌ နွေစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် တောင်သူနည်းပညာ နည်းနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

တောင်သာ မတ် ၄

၂၀၂၅- ၂၀၂၆ ခုနှစ် တောင်သာမြို့နယ် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် တောင်သူနည်းပညာနည်းနှောဖလှယ်ပွဲအခမ်းအနားကို မတ် ၃ ရက်၊ နံနက် ၁၀ နာရီ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပေးအပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက အမှာစကားပြောကြားကာ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇေယျာကျော်စွာမှ တောင်သူများအတွက် သွင်းအားစုများလိုအပ်မှုအခြေအနေများအား ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က ရှင်းလင်းပြောကြားပြီး တောင်သူလယ်သမားများအား သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အသုံးပြုရမည့်မျိုး၊ ထည့်သွင်းရမည့်သွင်းအားစု ရေရရှိရေး၊ စိုက်ပျိုးနည်းပညာများအား တောင်သူလယ်သမားများအား ပြောကြားကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များက တောင်သူ လယ်သမားများအား နွေစပါးစိုက်ပျိုးမည့် ဆင်တဲဝ(သမက္ကူ)ဆည်ရေသောက် အိုင်သာကျေးရွာမှ တောင်သူပေါင်း ၁၁ ဦး၊ ကျောက်တစ်လုံးဆည်ရေသောက် ခါတက်ကုန်းကျေးရွာမှ တောင်သူ ၄၈ ဦး၊ စုစုပေါင်း ၅၉ ဦး၊ (၆၀)ဧကစာ မနောသုခ မျိုးစပါးတင်း  (၉၀) အား အခမဲ့ပေးအပ်ကြောင်းနှင့် တောင်သူ လယ်သမားများက သိရှိလိုသည်များမေးမြန်းကြရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမော်က သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)