တိုက်ကြီးမြို့နယ်၌ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိုးခေါင်ကျေးရွာအုပ်စု၊ အိုင်ကလောင်ကျေးရွာ ကုန်ထုတ် (မြေ+ဂဝံ) လမ်းသစ်နှင့် Box Culvert (၃) စင်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စု၊ အိုင်ကလောင်ကျေးရွာတွင် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ် (မြေ+ဂဝံ) လမ်းသစ်နှင့် Box Culvert (၃) စင်းဖွင့်ပွဲ အခမ်းအနားကို မတ်လ (၁) နေ့ နံနက်ပိုင်းက အဆိုပါလမ်းရှိ ယာယီမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းက ကုန်ထုတ် (မြေ+ဂဝံ) လမ်းသစ်နှင့် Box Culvert (၃) စင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် တောင်သူများကိုယ်စား အိုင်ကလောင်ကျေးရွာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ကုန်ထုတ် (မြေ+ဂဝံ) လမ်းသစ်နှင့် Box Culvert (၃) စင်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်း၊ တိုက်ကြီး ခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စု၊ အိုင်ကလောင်ကျေးရွာ ကုန်ထုတ် (မြေ+ဂဝံ) လမ်းသစ်နှင့် Box Culvert (၃) စင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဖျော်ဖြေရေး အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စု၊ အိုင်ကလောင်ကျေးရွာ၊ ကုန်ထုတ် (မြေ+ဂဝံ) လမ်းသစ်နှင့် Box Culvert (၃)စင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အကျယ်(၁၂)ပေ၊ လမ်းအရှည် (၆၃၀၀) ပေဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)