လှည်းကူးမြို့နယ်၌ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ပံဆိုလာစနစ်သုံး ရေတင်လုပ်ငန်းစီမံကိန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မတ် ၄

(၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ပံဆိုလာစနစ်သုံး ရေတင်လုပ်ငန်းစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို မတ် (၁) ရက်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာတွင်ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက (၂) ချပ်တွဲ အနိမ့်တင်ဆိုလာပန့် အစုံ (၃၀) ကို လှည်းကူးမြို့နယ်မှ တောင်သူများနှင့် တာဝန်ရှိသူများအားပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် လက်ပံရေတင်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို နောင်ရိုးကုမ္ပဏီမှ တာဝန်ရှိသူက ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လက်ခံရယူခဲ့သည်။

၎င်းနောက် လက်ပံဆိုလာစနစ်သုံး ရေတင်လုပ်ငန်းစီမံကိန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး၊ လှည်းကူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လက်ပံဆိုလာစနစ်သုံး ရေတင် လုပ်ငန်းစီမံကိန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယခုတည်ဆောက်ပြီးဖွင့်လှစ်သည့် လက်ပံဆိုလာရေတင်လုပ်ငန်းတွင် 185 Kw Motor နှင့် 30 ကျူ ဆက်ပန့် (၃) စုံ တပ်ဆင်ထားရာ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် Motor & Pump (၁) စုံကို Solar စနစ်ဖြင့် စမ်းသပ်တပ်ဆင်နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ကျန်ရှိသော Motor & Pump (၂) စုံကို Solar စနစ် ထပ်မံ တင်ဆင်ခြင်းဖြစ်ကာ Solar System အပြည့်အဝတပ်ဆင်ပြီးစီးပြီဖြစ်၍ Motor & Pump (၃) စုံဖြင့် နွေစပါး စိုက်ဧက (၁၃၀၀) ရေပေးဝေနိုင်မည်ဖြစ်ရာ ယခုဘဏ္ဍာရေးနှစ်တွင် Solar စနစ် တိုးချဲ့တပ်ဆင် ပြီးစီးခြင်းအားဖြင့် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားခ ကုန်ကျငွေ (၂၀၀) ကျပ်သန်း သက်သာမည်ဖြစ် ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)