မြစ်သားမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေး

မြစ်သား မတ် ၄  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမများမှ မြို့ပေါ် ၆ ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ် ခွဲအောက်ကလေးငယ်များအား မတ် ၄ ရက် နံနက် ၉ နာရီကစတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးသည်။

ကာကွယ်ဆေးများထိုးနှံတိုက်‌‌ကျွေးပေးရာတွင် မြို့ပေါ် ၆ရပ်ကွက်ရှိ မွေးကင်းစမှ ၁ နှစ်ခွဲအောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမေးရောင်ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး များကိုအသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။  မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမတို့က ကိုယ်ဝန်ဆောင် မိခင်များနှင့်မွေးကင်းစမှ ၁ နှစ်ခွဲအောက်ကလေးငယ်များအား လစဉ်သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဝါဝါမြင့် (မြစ်သား)