ကျောက်ဆည်မြို့နယ် ကုလကျေးရွာ၌ အထွက်နှုန်းသေချာသည့် ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းများစိုက်ပျိုး

ကျောက်ဆည် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီးနှံစုံကို နေရာဒေသအလိုက် စိုက်နည်းစနစ်မျိုးစုံဖြင့် စိုက်ပျိုးလျက်ရှိရာ ကုလကျေးရွာ တောင်သူဦးစိန်အောင် ကွင်းအမှတ်(၂၇၂)၊ ဦးပိုင်အမှတ် (၅)၊(၆) တို့တွင် အထွက်နှုန်းသေချာသည့် ဘောင်ကြီးတင်စနစ်ဖြင့် နွေးနှမ်းများ စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းများစိုက်ပျိုးမည်ဆိုပါက စက်ထယ် ၁ စပ်၊ စက်ထွန် ၁ စပ်နှင့် မြေပြုပြင်ပြီး နွားထယ်ဖြင့် ၃ ဒသမ ၅ ပေ ပေါင်ကြားပေး၍ ပေါင်းဖော်ပြီး အကျယ် ၃ ပေ၊ အမြင့် ၉ လက်မနှင့် ပေါင်အရှည် ၂၀ ပေ တစ်ဖြတ် ရေတားဘောင်များပြုလုပ်၍ အကွက်ဖော်ကာ စိုက်ဧက တစ်ဧကအတွက် နှမ်းရိုးမဲရောဂါကျရောက်မှု ကာကွယ်ရေး Trichoderma လူးနယ်ထားသည့် နှမ်းမျိုးစေ့ နို့ဆီဘူး ၅-၆ အသုံး၍ နှမ်းမျိုးစေ့ချ ကိရိယာဖြင့် တန်းကြား၊ ပင်ကြား ၁၀ လက်မ၊ ၄ လက်မ စနစ်ဖြင့် တစ်ဘောင်လျှင် ၄ တန်းနှန်းဖြင့်  စိုက်ပျိုးကြောင်း သိရသည်။

ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းများ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာသည့်အပြင် အကျိုးအမြတ်များခြင်း၊ ဘောင်စနစ်ဖြင့်စိုက်ပျိုးသည့်အတွက် ရေလိုသည့်အချိန်၌ ရေသွင်းနိုင်ခြင်း၊ သဘာဝ ဘေးဖြစ်သည့် မုန်တိုင်းမိုးရေချိန်များပါက အလွယ်စွာ ရေထုတ်နိုင်ခြင်း၊ တစ်ဧက ပန်းတိုင်အထွက်နှုန်း တင်း ၂၀ အထက် ထွက်ရှိခြင်းတို့ကြောင်း နှမ်းစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးသင့်သည့် နည်းစနစ်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)