ကြံခင်းမြို့နယ်ရှိ ဗုဒ္ဓတစ်ထောင်အကောက်တောင် (ရွှေမြင်းတင်ဘုရား)သို့ တပေါင်းလပြည့်နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိ

ကြံခင်း      မတ်လ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စုတွင် တည်ထား ကွယ်လျက်ရှိသော ဗုဒ္ဓတစ်ထောင်အကောက်တောင် (ရွှေမြင်းတင်ဘုရား)သို့ အနယ်နယ်အရပ်မှ ဘုရားဖူးများဖြင့် တပေါင်းလပြည့်နေ့ ယနေ့နံနက်ပိုင်းမှစ၍ စည်းကားလျက်ရှိသည်။

အဆိုပါ ဗုဒ္ဓတစ်ထောင်အကောက်တောင် (ရွှေမြင်းတင်ဘုရား) အား ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့မှလည်းကောင်း၊ ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့မှလည်းကောင်း ကားလမ်း၊ ရေလမ်းကြောင်းတို့ဖြင့် သွားရောက်ဖူးမြော်နိုင်ခြင်း၊ ဧရာဝတီမြစ်အတွင်းမှ စက်လှေဖြင့် နံရံကပ်ရုပ်ပွားတော်များကိုလည်း ဖူးမြော်နိုင်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ များ လာရောက်လျက်ရှိပြီး၊ ဘုရားဖူးပြည်သူများအား ရွှေမြင်းတင်ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာမများက အသားလွတ်ထမင်း၊ ပဲဟင်းများဖြင့် နေ့စဉ်ကျွေးမွေးလှူဒါန်းလျက်ရှိသည်။

ဗုဒ္ဓတစ်ထောင်အကောက်တောင် (ရွှေမြင်းတင်ဘုရား)အား ဖေဖော်ဝါရီလအတွင်း ဘုရာဖူး ပြည်သူ ၃၆၄၁ ဦးလာရောက်ခဲ့ကြောင်းနှင့် အခါကြီးနေ့ရက်များ၊ အစိုးရရုံးပိတ်ရက်များ၊ ကျောင်းပိတ် ရက်များတွင် ဘုရားဖူးအများဆုံးလာရောက်လျက်ရှိကြောင်း အဆိုပါဘုရားဂေါပကအဖွဲ့မှ သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)