သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်တွင် (၃၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

သာကေတ မတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ (၃၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့က အဆိုပါစေတီတော်အနောက်ဘက် မုခ်တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး တိပိဋကာလင်္ကာရစာသင်တိုက် ဦးစီးပဓာနနာယက၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကာ စေတီတော်အစဥ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေးနာယက ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးဋ္ဌေးအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက စေတီတော်သြဝါဒါစရိယဆရာတော်များနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ စိန်ဘုရားသားကျောင်းဆရာတော်ဘဒ္ဒန္တသုမနက မဟာပဋ္ဌာန်းကျမ်း ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနှိုးဆော်ဂါထာကို ရွတ်ဖတ်ပြီး သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းက မဟာပဋ္ဌာန်းပစ္စယုဒေသအကျဥ်းကို ပြိုင်တူသုံးကြိမ်ရွတ်ဆိုခဲ့ကြပြီးနောက် ပဋ္ဌာနဘာဏကဆရာတော် ၁၉ ပါးတို့က မဟာပဌာန်းကျမ်းမြတ်ကြီးကို မတ် ၂ ရက်မှ ၆ ရက်နေ့ထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သဲထက်ဇင် (ပြန်/ဆက်)