လှိုင်သာယာ(အရှေ့ပိုင်း) ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများ မီးလောင်မှုမဖြစ်ပွားစေရန် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး/အကြံပြုခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်(၁၀)နာရီမှစတင်၍ နေ့စဉ်ရွှေသံလွင်စက်မှုဇုန်အတွင်းတွင် မီးသတ်ဦးစီးဌာန တာ၀န်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်ရုံ၊ အလုပ်ရုံများ မီးလောင်မှုမဖြစ်ပွားစေရန် စက်ရုံတွင်တပ်ဆင်ထားသော Firefighting Systems များ အလိုအလျှောက် မီးငြှိမ်းသတ်နိုင်မှု ရှိ/မရှိ၊ စက်ရုံ/အလုပ်ရုံအတွင်း လေဝင်/လေထွက်စနစ်များ၊ စက်ရုံရှိ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပွားလာပါက အနီးဆုံးမီးငြှိမ်းသတ်ရေးပစ္စည်းများအား အသုံးပြု၍ အမြန်ဆုံးမီးငြှိမ်းသတ်နိုင်ရေး ရှိ/မရှိတို့ကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးကဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုးတို့မှ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး/အကြံပြုခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)