ပုဇွန်တောင် မတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ မြန်မာ့မီးရထား၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်ခေါင်းစက်ရုံ၌ ယနေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးမှ မီးဘေးလုံခြုံရေးနှင့် စပ်လျဥ်းသည့် ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများအားလည်းကောင်း၊ မီးလောင်ကျွမ်းခြင်းအကြောင်းအရင်းများ၊ မီးအတန်းအစားခွဲခြားခြင်း၊ အခြေခံမီးငြှိမ်းသတ်နည်း (၃) နည်း၊ မီးသတ်ယာဥ်စက်များ အချိန်မီငြှိမ်းသတ်နိုင်ရန် ဆောင်ရွက်နေမှုများ၊ လျှပ်စစ်မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းအချက်အလက်များ၊ လျှပ်စစ်မီးလောင်လျှင် ရှောင်ကျဥ်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက အမြန်ဆုံးဆက်သွယ်အကြောင်းကြားနိုင်သည့် ဖုန်းနံပါတ်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆီမီးငြှိမ်းသတ်ရေး မီးသတ်ဆေးဘူးများနှင့် အသုံးပြုပုံတို့အား သရုပ်ပြသခဲ့ပြီး စက်ခေါင်းစက်ရုံ ဝန်ထမ်းများအား လက်တွေ့သရုပ်ပြငြှိမ်းသတ်စေခဲ့ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်သရုပ်ပြသခြင်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူ မြန်မာ့မီးရထားမှ ဒုအထွေထွေမန်နေဂျာ ဦးကျော်မိုးဇော်၊ အင်ဂျင်နီယာမှူး (စက်မှု) ဦးမင်းသန်းဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်