နတ်တလင်း သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းနှင့် အလယ်တန်းကျောင်းများသို့ PPE ဝတ်စုံများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဗဟိုအခြေခံပညာမူလတန်းလွန်ကျောင်း ပတ္တမြားရတုခန်းမ၌ ကျင်းပပြုလုပ် ကြောင်း သိရသည်။
အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရန်ပုံငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ ဦးရွှေလှိုင်က ဝတ်စုံများ ပေးအပ်ရခြင်းနှင့် PPE ဝတ်စုံဝတ်ဆင်နည်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခြေခံပညာအထက်တန်း ကျောင်းခွဲ ၁၁ ကျောင်းအတွက် PPE ဝတ်စုံများကို မြို့နယ် ပညာရေးမှူးထံသို့လည်းကောင်း အခြေခံပညာအလယ်တန်း ကျောင်းများ အတွက် PPE ဝတ်စုံများကို တာပွန်အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးထံသို့ လည်းကောင်း ပေးအပ် လှူဒါန်းကြသည်။ ဆက်လက်၍ တာပွန်အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးက ကျေးဇူး တင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
ဝင်းမြင့်-နတ်တလင်း