ဟိုင်းကြီးကျွန်း မတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင်မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ (တပေါင်းလဆန်း (၁) ရက်နေ့) တွင် ဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပွဲတော်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြား၍ နေ့စဉ်ဘုရားဖူးဧည့်သည် (၇၀၀၀) ကျော်လာရောက်ဖူးမျှော်ကြကာ အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးဧည့်သည်များ ပိုမိုများပြားစွာ လာရောက် ဖူးမြော်ကြကြောင်းနှင့် ယခင်နှစ်များက ထက်ပိုမိုစည်ကားကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင်မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင်၏ ဆံတော်အစစ်ဖြင့်တည်ထားသော ဘုရားတစ်ဆူဖြစ်သည့်အတွက် ရပ်ဝေး ရပ်နီးမှ ဘုရားဖူးဧည့်သည်များသည် လမ်းခရီးဝေးသော်လည်း ရေလမ်းမှ သင်္ဘောများဖြင့် လည်းကောင်း၊ ကုန်းလမ်းမှ မော်တော်ကားများဖြင့်လည်းကောင်း လာရောက်ဖူးမျှော်ကြပြီး ဥပုသ်သတင်းသီလဆောက်တည်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ ပရိတ်/ပဋ္ဌာန်ဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော် ခြင်း၊ နဂါးစာကျွေးခြင်းတို့ကို ပြုလုပ်ကြကြောင်း သိရသည်။
ယခုနှစ်တွင် ဘုရားပွဲတော်အား (၁၅) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းသံဃာ (၁၃၁၇) ပါး၊ သီလရှင် (၅၉၃) ပါးနှင့် ခရီးသွား ဧည့်သည် (၁၆၃၀၂၀) ဦး လာရောက်ဖူးမျှော် ကြည်ညိုခဲ့ကြပါသည်။ ဆံတော်ရှင်မြတ်မော်တင် စွန်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်း၊ရင်ပြင်တော်ပထမထပ်တည်ဆောက်ခြင်းနှင့် အာရုံခံတန်ဆောင်းများအား ဘုရားပွဲတော် ကာလမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဘုရားဖူးလာရောက်ကြသည့် ရဟန်းရှင်လူပြည်သူများ ဘုရားရင်ပြင်တော်ပေါ်တွင် စိတ်အေးချမ်းစွာဖြင့် ဘုရားဖူးမျှော်ကြည်ညိုနိုင်ခဲ့ပြီး ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းနှင့် ဘက်စုံပြုပြင် တည်ဆောက်ခြင်းတို့အတွက် ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ခဲ့ကြကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီ တော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲ အခမ်းအနားကို မတ်လ (၂) ရက် (တပေါင်းလပြည့်နေ့) တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး မတ်လ (၃) ရက်နေ့တွင် ဘုရားရင်ပြင်တော်နှင့် ပတ်ဝန်းကျင် နေရာများ၊ ဘုရားပွဲဈေးတန်း ပြုလုပ်ရာနေရာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ် ကုသိုလ်ယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
လှိုဂ်မျိုးအောင်