ဘိုကလေးမြို့နယ်တွင် ပရိယတ္တိသာသနာ့ပါလ စာမေးပွဲစတုတ္ထနေ့ဖြေဆို

ဘိုကလေး မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် မတ်လ(၃)ရက်နေ့မှစတင်၍ နေ့လယ် (၁၂) နာရီမှ ညနေ (၃) နာရီအထိ (၄၆) ကြိမ်မြောက် မြို့နယ်ပရိယတ္တိသာသနာ့ပါလစာမေးပွဲ စတင်ကျင်းပဆောင်ရွက်ပြီး ယနေ့တွင် စတုတ္ထနေ့ ဘာသာအဖြစ် သုတ္ထန္တိကမာတိကာနှင့် ဓာတုကထာဘာသာများ ဖြေဆိုကြသည်။

အဆိုပါစာမေးပွဲအား မတ်လ (၃) ရက်နေ့မှစတင်၍မတ်လ (၆) ရက်နေ့အထိ (၄) ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြို့နယ်တွင်းမှဆရာတော်၊ သံဃာတော်ကြီးများကကြီးမှူး၍ မြို့မဆွမ်းလောင်းအသင်းကြီးမှ ကျင်းပခြင်းဖြစ်ကြောင်း၊ စာမေးပွဲသို့ မြို့နယ်တွင်းရှိ သံဃာ ကျောင်း တိုက်များမှ ရေးဖြေ (၁၃၀)ပါး၊ အာဂုံပြန် (၁၇၆)ပါး၊ စုစုပေါင်း ရှင်သာမဏနှင့် သီလရှင်  (၃၀၆)ပါးဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

စာအောင်ဆုနှင်းသဘင်အား မတ်လ (၇) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စာအောင်သဘင်ကျင်းပနိုင်ရေး ဆရာတော်၊ သံဃာတော်ကြီးများနှင့်အတူ မြို့နယ်သာသနာရေးမှူးနှင့် ဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)