တောင်ဥက္ကလာပ မတ် ၆
သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ အခမဲ့သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်း၊ တောင်ဥက္ကလာပမြို့နယ် Book Club အဖွဲ့ဝင် အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်သင်းနှင့် စာရေးဆရာမောင်ယဉ်ဝေတို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး နည်းပြအင်္ဂလိပ်စာဆရာဦးမြင့်မောင်က အင်္ဂလိပ်စာအခြေခံသင်တန်းမှရရှိသော Basic Grammer နှင့်ပတ်သက်သည့် အသုံးပြုနည်း၊ တွေးနည်း၊ ရေးနည်းများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရန် သင်တန်းသားများအား အမှာစကားပြောကြခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းတက်ရောက်ခွင့်ရရှိ၍ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက သင်တန်းနည်းပြဆရာ ဦးမြင့်မောင်အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။
အင်္ဂလိပ်စာ အခြေခံသင်တန်းကို တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၄၆ ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)