မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးစစ်ဆေး

မော်လမြိုင်ကျွန်း မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီးဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်ဆုံးရှုံးမှု လျှော့နည်းစေရန်ရည်ရွယ်ပြီး ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဘဏ်များတွင် မီးဘေးလုံခြုံရေး အသိပညာပေးစစ်ဆေးခဲ့ကြသည်။

ထိုသို့ မီးဘေးလုံခြုံရေး အသိပညာပေးစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒု- မီးသတ်ဦးစီးမှူး ဦးအေးချမ်းအောင်မျိုးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များမှ ပုဂ္ဂလိကဘဏ်များရှိ တာဝန်ခံများအား မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျလက်တွေ့ကိုင်တွယ်အသုံးပြုတတ်စေရေး၊ ရေကန်နှင့် ရေစင်များအား ရေအပြည့်ဖြည့်တင်းထားရှိရေး၊ အမှိုက်များ စွန့်ပစ်မီးရှို့ပါက မြေကျင်းတူး၍ လူစောင့်ဖြင့်မီးရှို့ရန် စစ်ဆေးသတိပေးဆောင်ရွက်ခြင်းနှင့် မီးပေါ့ဆမှုမရှိစေရန် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင်