သာကေတ မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ အမှတ် (၁)စျေး မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စျေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင် ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မီးဘေးလုံခြုံရေးဖြစ်သည့် မီးသတ်ရေကန်နှင့် ရေစင်များ၊ အရေးပေါ်ရေထုတ်ပိုက်များနှင့် ရေစက်များ အဆင့်သင့်ဆောင်ရွက်ထားရှိမှုများနှင့် ဈေးအတွင်း မီးသတ်ကား အလွယ်တကူ ဝင်/ထွက်သွားလာနိုင်စေရန် ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးကြည့်ရှု၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းနှင့် တာဝန်ရှိသူများ ဈေးကော်မတီများနှင့် ဈေးသူ/ ဈေးသားများအား တွေ့ဆုံ၍ ပူပြင်းခြောက်သွေ့သည့် ကာလသို့ ရောက်ရှိလာပြီဖြစ်၍ မီးလောင်လွယ်တတ်သည့် အမှိုက်သရိုက်များ ရှင်းလင်းထားရှိရေးနှင့် ကုန်စည်များ မီးဘေးအန္တရာယ်ကင်းစေရန် စနစ်တကျ သိုလှောင်ထားရှိရေးတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် မြို့နယ်မီးသတ်ဝန်ထမ်းများက လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ 191 Report Application အား ပြည်သူများ၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်းပေးပြီး အသုံးပြုနည်းများ ရှင်းပြပေးခြင်း၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုနည်းနှင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြသ၍ ဈေးကော်မတီတာဝန်ရှိသူများ၊ ဈေးသူ/ဈေးသားများနှင့်အတူ အရေးပေါ် မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်သူများ ပူးပေါင်းပါဝင်သည့် မီးသတ်ကားအသုံးပြု မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)