ကြံခင်း မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စု၊ အင်းကောက်ကျေးရွာ၊ အခြေခံပညာမူတန်းကျောင်းရှိ အစည်းအဝးခန်းမ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ငြိမ်းထက်လင်း မူလတန်းကြိုကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို ကလိုကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက အသက်သုံးနှစ်ပြည့်ပြီး ငါးနှစ်မပြည့်သေးသော ရှေးဦးအရွယ်ကလေးသူငယ်များနှင့် အသက်ငါးနှစ်ပြည့်ပြီးသော်လည်း မူလတန်းကျောင်းသို့ အပ်နှံခြင်းမပြုသေးသော ကလေး သူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဘက်စုံဖွံဖြိုးတိုးတက်မှုရရှိစေရန်နှင့် ဘဝတစ်သက်တာအတွက် အလေ့အကျင့်ကောင်းများရရှိစေရန် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် Future Vision အဖွဲ့ဝင်မှ ဦးပေါ်အေးက မိမိတို့အသင်းအဖွဲ့အနေဖြင့် မူကြိုကျောင်းများ၊ ကျေးရွာအခြေပြုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေမှုအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မူကြိုကျောင်းအကျိုးတော်ဆောင် ဦးသန်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးအား ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ဆက်လက်၍ Future Vision အဖွဲ့ဝင်မှ ဦးပေါ်အေးက ငြိမ်းထက်လင်း မူလတန်းကြိုကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ ဆရာမဒေါ်လွင်လွင်မော်က လက်ခံရယူပြီး၊ မူကြိုကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီစအစဉ် ၁၁ ခုဖြင့် အသီးသီး ကပြသီဆို၍ ဖျော်ဖြေခဲ့ကြရာ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များက အားပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)