ဗဟန်း မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းနှင့် ကမာရွတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်းနှင့် ပန်းချီသင်တန်းကို မတ်လ ၆ ရက် နံနက် (၉) နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကမာရွတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်များအသင်းဥက္ကဋ္ဌ ဦးဌေးလင်းက သင်ကြားပို့ချပေးမည့် ကွန်ပျူတာဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကွန်ပျူတာဝါသနာရှင်များအသင်းဥက္ကဋ္ဌ ဦးဌေးလင်းက သင်တန်းသူ၊ သင်တန်းသား (၃၀)ဦးအားလည်းကောင်း၊ ပန်းချီဆရာချစ်ဝန်းအောင်က သင်တန်းသူ၊ သင်တန်းသား (၃၀)ဦးအားလည်းကောင်း သက်ဆိုင်ရာဘာသာရပ် သင်ခန်းစာများအား ပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်းနှင့် ပန်းချီသင်တန်းကို ၂၀၂၆ ခုနှစ် မတ်လ ၆ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ နံနံက် (၁၀) နာရီမှ (၁၂) နာရီအထိ (၁)လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သင်းသင်းစိုး (ခရိုင်ပြန်/ဆက်)