မြောက်ဥက္ကလာပမြို့နယ်တွင် တက္ကသိုလ်၀င်တန်းစာစစ်ဌာနပြုလုပ်မည့် အခြေခံပညာအထက်တန်းကျောင်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

မြောက်ဥက္ကလာပ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် တက္ကသိုလ်၀င်တန်းစာစစ်ဌာနပြုလုပ်မည့် အခြေခံပညးအထက်တန်းကျောင်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန် ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ၊ အရန်တပ်ဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများလိုက်ပါ၍ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စာစစ်ဌာနများရှိ စာမေးပွဲဖြေဆိုမည့် စာဖြေခန်းများ၌ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးသုံးစွဲမှုနှင့် လျှပ်စစ်သွယ်တန်းမှုအခြေအနေ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ပစ္စည်းကိရိယာများထားရှိမှုအခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ရေလုံလောက်စွာရရှိမှုအခြေအနေ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိမှုအခြေအနေများနှင့် ကျောင်းအတွင်းသို့ မီးသတ်ကားများ အလွယ်တကူ ဝင်ရောက်နိုင်မှု ရှိ/မရှိ စသည့်အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)