ဘိုကလေး မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေး-စက်ဆန်းလမ်းဆုံအနီး ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲမှု ကော်မတီရုံးရှေ့တွင် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ဖြတ်သန်းသွားလာကြသည့် မော်တော်ဆိုင်ကယ်များ အပါအဝင် မော်တော်ယာဉ်မောင်းနှင်ကြသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သည့် စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရေးကော်မတီဝင်များက စက်သုံးဆီချွေတာသုံးစွဲနိုင်ရေးအတွက် မော်တော်ယာဉ် နံပါတ်များအား စုံ၊ မခွဲ၍ စုံရက်၊ မရက်အလိုက် မောင်းနှင်ကြရန် ယနေ့မတ်လ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ အသိပညာပေးကာလအဖြစ်သတ်မှတ်ပြီး အသိပညာပေးကာလ ကျော်လွန်ပါက အငှားယာဉ်များ၊ အများသုံးယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များမှအပ လိုက်နာ ဆောင်ရွက်မှုမရှိသူများအား ဥပဒေအရအရေးဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေး လမ်းညွှန်မှာကြားဆောင်ရွက်ကြသည်။
ဆက်လက်၍ အဆိုပါတာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံး ဆီဆိုင်ပိုင်ရှင်များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အငှားယာဉ်များ၊ အများသုံးယာဉ်များ၊ လုပ်ငန်းသုံး ယာဉ်များမှအပ မော်တော်ယာဉ်နံပါတ်များအား စုံ၊ မခွဲ၍ စုံရက်၊ မရက် အလိုက် ရောင်းချ ကြရန် လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)