တာမွေ မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့ညနေပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့်လှည့်လည်၍ မီးသတိမူရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးသတိမူရေး အသိပေးနှိုးဆော်ခြင်းကို တာမွေမြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက အသိပေးနှိုးဆော်ရာတွင် ပူပြင်းခြောက်သွေ့သည့် အချိန်ကာလသို့ရောက်ရှိလာပြီ ဖြစ်သည့်အတွက် “တာမွေမြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံ/ လုပ်ငန်းများ/ စျေးဆိုင်များနှင့် နေအိမ်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများနှင့် မီးခလုတ်များကို နေ့စဉ်စစ်ဆေး ဆောင်ရွက်ရန်၊ လျှပ်စစ်မီးဖို၊ မီးပူများကို သုံးစွဲပြီးလျှင် (သို့မဟုတ်) လျှပ်စစ်မီးပြတ်တောက်ချိန်တွင် မီးခလုတ်ကိုပိတ်၍ ပလပ်ခေါင်းအားဖြုတ်ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့သော လျှပ်စစ်ဝါယာကြိုးများအား စနစ်တကျ စစ်ဆေးလဲလှယ်ထားရှိရန်၊ လျှပ်စစ်ဒဏ်ခံကြိုး၊ Fuse များကို ခံနိုင်သည်ထက် ပို၍မထည့်ပါနှင့်၊ လျှပ်စစ်ဝါယာကြိုးများကို ခံနိုင်ဝန်အားထက် ပို၍မသုံးပါနှင့်၊ လျှပ်စစ်ဝါယာရှော့ဖြစ်လျှင် ပင်မခလုတ်ကိုပိတ်၍ ခြောက်သွေ့သော အဝတ်၊ ပိတ်စ စသည်တို့ဖြင့် ရိုက်ပုတ်၍ ဖုံးအုပ်ငြှိမ်းသတ်ပါ၊ ဂတ်(စ်)အိုးများ အသုံးပြုသည့်အခါ ယိုစိမ့်မှုမရှိအောင် ဂတ်(စ်) ပိုက်လိုင်းနှင့် ပိုက်ဆက်ပါ အဖွင့်/ အပိတ်ခေါင်းများအား သေချာစွာစစ်ဆေးပါ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်တယ်လီဖုန်းနံပါတ်(၁၉၁)၊ တာမွေမြို့နယ်မီးသတ်စခန်း တယ်လီဖုန်းနံပါတ် ၀၁-၅၅၄၈၉၃၊ ၀၁-၅၅၄၈၄၁၊ ၀၁-၅၅၄၇၇၈ သို့ ချက်ချင်းဆက်သွယ် သတင်းပို့ကြရန်” စသည်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရေးအတွက် မီးသတိမူရေး အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မို့မို့အောင် (ပြန်/ဆက်)