တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

ပုသိမ် မတ် ၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၊ ဖူဆယ်အားကစားရုံတွင် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် Royal Star အသင်းနှင့် Danger Boy အသင်းတို့ ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၈)ရပ်ကွက် ဗိုလ်ဗထူးလမ်းကွန်ကရစ်လမ်းသစ်နှင့် ပလက်ဖောင်းဖွင့်ပွဲအခမ်းအနားကိုတက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းသစ်နှင့် ပလက်ဖောင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အပြင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း (၁၄၀ ပေ × ၃၀ ပေ) RC (၂) ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ ပဆငနှင့် သိလ္လာချောင်းဖျားကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားသို့လည်းကောင်း၊ မြောင်းမြမြို့နယ်၊ တောင်ပေါ်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ (၁၅၀ ပေ × ၃၀ ပေ) RCC (၁) ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများသို့လည်းကောင်းတက်ရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ တောင်ကလေး ကျေးရွာ တောင်သူဦးညွန့်ဝေ၏ ရွှေခြင်္သေ့ရာဘာခြံ ဧက (၅၀) အတွင်းရှိ မြေပြန့်ကော်ဖီ (ရိုဘတ်စတာ)(TF-4) ကော်ဖီသီးနှံစိုက်ခင်း (၁၀) ဧက စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊  မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာ တောင်သူဦးမိုးဝင်း၏ စိုက်ဧက (၅) ဧကတွင် စိုက်ပျိုးထားသည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းနေကြာ စံပြစိုက်ခင်း Supersun-41 နှင့် ဆင်းရွှေကြာ နေကြာမျိုးများ စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်မဲမြို့နယ်၊ ချောင်းဝအခြေခံပညာမူလတန်းကျောင်း (၁၀၀ပေ× ၃၀ပေ) RC (၂) ထပ် ကျောင်းဆောင်(တိုးချဲ့ဆောင်)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂုန်မင်းကျေးရွာသို့ သွားရောက်၍ ဂုံမင်းကွင်းရေကျနောက်စိုက်ဧကများတွင် ဒုတိယသီးနှံ သီးထပ်စပါးစိုက်ပျိုးဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီးနောက် သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာသို့ ဆက်လက် သွားရောက်ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)