ဒေးဒရဲ မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်လျက်ရှိသည့် မော်တော်ယာဥ်များ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ စက်သုံးဆီချွေတာနိုင်စေရေးနှင့် ယာဥ်အသုံးပြုမှု ကန့်သတ်ချက်များ သိရှိနိုင်စေရေး မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာ နေရာများနှင့် ဒေးဒရဲတံတားတို့တွင် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ယမန်နေ့ညနေ (၄) နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဟောပြောခြင်းလုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မော်တော်ယာဥ်များ စက်သုံးဆီချွေတာနိုင်စေရေး မော်တော်ယာဥ် မောင်းနှင်သူများအား လစဥ် “စုံ”ရက်များတွင် “စုံ”နံပါတ်ပါသော ကားဆိုင်ကယ်များ မောင်းနှင်ရန်၊ လစဥ်”မ”ရက်များ၌ “မ” နံပါတ်ပါဝင်သော ကား၊ ဆိုင်ကယ်များ မောင်းနှင်ရန်၊ လုပ်ငန်းလိုင်စင်ကားများအနေဖြင့် လုပ်ငန်းလိုင်စင်အား မြင်သာသည့်နေရာတွင် ကပ်ထားနိုင်စေရေးစသည့်အချက်များအား မတ်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့ထိ ပညာပေးကာလသတ်မှတ်၍ ပြည်သူများနှင့် ယာဥ်မောင်းနှင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း