သာကေတမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

သာကေတ မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်‌နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ စာစစ်ဌာနများဖြစ်သည့် အ.ထ.က (၁)၊ အ.ထ.က (၂) နှင့် အ.ထ.က (၃) ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ‌ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ သောက်ရေ၊ သုံးရေပြည့်စုံမှုရှိရေး၊ စာဖြေခန်းများနှင့်စာဖြေခုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် အလင်းရောင်ကောင်းစွာရရှိရေး၊ အများသုံးအိမ်သာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများအား လှည့်လည်ကြည်ရှုစစ်ဆေးရာတွင် ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ ခရိုင်ပညာ‌ရေးမှူး‌ ဒေါက်တာခင်သူဇာစိန်တို့ပါဝင်‌သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး သာကေတ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း၊ မြို့နယ်လျှပ်စစ်၊ သက်ဆိုင်ရာစာစစ်ဌာနများမှ တာဝန်ရှိ ဆရာ/ဆရာမများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်‌ရေးအဖွဲ့ဝင်များမှ ‌ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်မှ လိုအပ်သည်များ ဖြည့်စွက်ညွှန်ကြားခဲ့ကြောင်း သိရသည်။

သဲထက်ဇင်(ပြန်/ဆက်)