ဘိုကလေး မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဘိုကလေးမြို့နယ်၊ ဟိုင်းစီကျေးရွာအုပ်စု၊ ရွာတန်းရှည် ကျေးရွာနှင့် ဖျာပုံ-ဘိုကလေးကားလမ်းသို့ဆက်သွယ်ခင်းကျင်းခဲ့သည့် ရွာတန်းရှည်-(ဖျာပုံ-ဘိုကလေး)ကားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် (၁၀) နာရီအချိန်၌ အဆိုပါကွန်ကရစ်လမ်းသစ်တွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦအောင်စန်းချစ်တို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးမင်းသိန်း၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ဖျာပုံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဦးမိုးမြင့် အပါအဝင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဦးအပါအဝင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံပြည်သူများတက်ရောက်ကြပြီး ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ကွန်ကရစ်လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များအား တာဝန်ရှိသူများကပေးအပ်ခြင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ လမ်းဖွင့်ပွဲ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခြင်းတို့ ဆောင်ရွက်အပြီး၌ လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ခဲ့ကြသည့်ဘင်ခရာအဖွဲ့၊ ဒိုးဝိုင်းအဖွဲ့၊ ကရင် ဒုံးယိမ်းအဖွဲ့၊ ပန်းပွားအဖွဲ့များအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ချီးမြင့်ငွေများ ပေးအပ်ခဲ့သည်။
ယခုဖွင့်လှစ်သည့် ရွာတန်းရှည်-(ဖျာပုံ-ဘိုကလေး) ကားလမ်းကွန်ကရစ်လမ်းသစ်သည် လမ်းမိုင်အရှည် (၁)မိုင်(၀.၂)ဖာလုံ၊ လမ်းနယ်နမိတ်အကျယ် (၃၀) ပေရှိပြီး (၂၀၂၅) ခုနှစ် ဇူလိုင်လမှစတင်၍ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းစတင်ခဲ့ပြီး ယခုနှစ်ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် လုပ်ငန်းပြီးဆုံးခဲ့ကြောင်း၊ စီမံကိန်းတန်ဖိုးငွေ (၁၂၉.၁၈၈) သန်းရှိကြောင်း၊ အဆိုပါ လမ်းခင်းကျင်းခဲ့ခြင်း အားဖြင့် အကျိုးပြုရွာ (၃) ရွာ၊ အကျိုးပြုအိမ်ခြေ (၈၀၂) အိမ်ခြေ၊ အကျိုးပြုလူဦးရေ (၃၁၈၇) ဦး ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)