ကျိုက်လတ်မြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ကျိုက်လတ် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၅) ရပ်ကွက်၊ ၁၃ ဖြတ်လမ်း (လမ်းမတော်လမ်း မှ ဗန္ဓုလလမ်းအထိ) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ခြင်းကို ဖျာပုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတိုးမြင့်အောင် နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များကို တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက မြို့နယ်ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်သည် အရှည် ၁၁၄၁ ပေ၊ အကျယ် ၁၀ ပေ၊ ဒု ၆  လက်မဖြစ်ပြီး ငွေကျပ်  ၆၆ ဒသမ ၈၅၀ သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်