ကြံခင်း မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာ သုံးစွဲရေးအတွက် သတ်မှတ်ထားသည့် စုံရက်၊ မရက်များအလိုက် ယာဉ်များမောင်းနှင်နိုင်စေရေး အသိပညာပေးကို ယမန်နေ့က မြို့မရပ်ကွက်၊ လမ်းမတော်လမ်းနှင့် မက်သနောလမ်း ဗုဒ္ဓတစ်ထောင် အကောက်တောင်မုခ်ဦးရှေ့တို့တွင် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ကြသည်။
နိုင်ငံအတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အား ပြည်သူများအသိရှိစေရန်နှင့် လိုက်နာစေရန် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင် ဦးဆောင်၍ ပူးပေါင်းအဖွဲ့များက စည်းကမ်းချက်များနှင့်အညီ လစဉ်စုံရက်များတွင် “စုံ” နံပါတ် ပါသော ယာဉ်များအသုံးပြုရန်၊ လစဉ် မ ရက်များတွင် “မ” နံပါတ်ပါဝင်သော ယာဉ်များအသုံးပြုရန် အသိပညာပေးခြင်းကို လူစည်ကားသည့်နေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများကို မတ်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့ထိ ပညာပေး ကာလသတ်မှတ်၍ ပြည်သူများနှင့် ယာဥ်မောင်းနှင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)