သီပေါ သြဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်ကာလအတွင်း ဖွင့်လှစ်လျက် ရှိသည့် အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်ဆင့်သင်ကျောင်းများ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ထားမှုရှိ/ မရှိကို တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီခွဲအချိန်က စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် လားရှိုးမြို့ ပြည်နယ်ကျန်းမာရေးဌာနမှ ဒေါက်တာရဲသီဟ ၊ သီပေါမြို့နယ် ကျန်းမာရေးဌာနမှ ဒေါက်တာသက်ထွန်းအောင်နှင့်အဖွဲ့၊ သီပေါမြို့နယ်ပညာရေးမှူး ဦးဝင်းဇော်ဦးတို့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာမှုရှိ/မရှိ၊ စာသင်ချိန်တွင် Mask(နှာခေါင်းစည်း)၊ Face Shield တပ်ဆင်၍ သင်ကြားခြင်းရှိ/မရှိ၊ စာသင်ခန်းမတွင်(၆)ပေအကွာဖြင့် သင်ကြားခြင်းရှိ/မရှိ၊ စာသင်ကျောင်း များတွင် ကိုဗစ်−၁၉ရောဂါ သံသယ လက္ခဏာရှိသူအားတွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ရှိ/မရှိနှင့် ကိုဗစ်−၁၉ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ထားမှုရှိ/ မရှိ စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထား သော စံချိန်စံညွှန်းများနှင့်အညီ ဖွင်လှစ်သင်ကြားမှုများအား စစ်ဆေးဆောင်ရွက်ခဲ့သည်။
သီပေါမြို့နယ်တွင် ကိုဗစ်ကာလအတွင်း ပြန်လည်ဖွင့်လှစ်သင်ကြားနေသည့် အခြေခံပညာ အထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်ဆင့်သင်ကျောင်း၊ စုစုပေါင်း(၁၅)ကျောင်းရှိပြီး ယနေ့တွင် မြို့ပေါ်ရှိ အခြေခံပညာအထက်ကျောင်း(၃) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၁) ကျောင်းအား စစ်ဆေးခဲ့ပြီး စစ်ဆေးရန်ကျန်ရှိသော ကျောင်းများအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)