မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ကံမ ဩဂုတ် ၅

နိုင်ငံတော်အစိုးရမှချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ   စီးပွားရေးထိခိုက်မှုများကို   ပြန်လည်ကုစားရန်အတွက်  ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများကို      ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လွှဲပြောင်းပေးအပ်ပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်းတို့က အမှာစကားပြောကြားခဲ့ပြီး  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦစီးမှူး ဦးသူရရှိန် က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ရန်ပုံငွေများကို ကျေးရွာ တစ်ရွာချင်းအလိုက် စုစုပေါင်း ကျေးရွာ(၈) ရွာ အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို  ပုံစံသုံးမျိုးဖြင့်  လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၁၀၀ နှင့် အထက် ကျီးမီး ကျေးရွာ၊ ရေလယ်ကျွန်းတောင်ကျေးရွာ၊ ပဇင်းနိမ့်ကျေးရွာ၊ သပြေကိုင်းကျေးရွာနှင့် ပယ်ကျ ကျေးရွာတို့အား ရန်ပုံငွေ ကျပ်သိန်း ၃၀၀ စီကို လည်းကောင်း၊ အိမ်ခြေ ၅၀ နှင့် ၁၀၀ ကြား ဇီးတောကျေးရွာနှင့်ဇီးဖြူကွင်းကျေးရွာတို့အား ရန်ပုံငွေ ကျပ်သိန်း ၂၀၀ စီကို လည်းကောင်း၊အိမ်ခြေ ၅၀ နှင့်အောက် မင်းကျေးရွာအား ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို လည်းကောင်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာ များမှ လုပ်ကွက်ငယ်တောင်သူများ လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် မတည်ရန်ပုံငွေများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦစီးမှူး ဦးသူရရှိန် ထံမှ သိရသည်။

ကိုကိုကျော်(ကံမ)