တောင်ငူ မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ၊ စာအောင်သံဃာတော်များနှင့် သီလရှင်များအား ချီးမြှင့်ပူဇော်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် နိုင်ငံတော်သြဝါဒါစရိယ ကြာနီကန်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသူရိယထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပထမကြီးတန်းစာအောင် သံဃာတော် (၂)ပါး၊ ပထမလတ်တန်းစာအောင်သံဃာတော် (၂)ပါး၊ ပထမငယ်တန်းစာအောင်သံဃာတော် (၁၅)ပါး၊ မူလတန်းစာအောင်သံဃာတော် (၄၁)ပါးနှင့် သီလရှင် (၃) ပါး၊ စုစုပေါင်း စာအောင် (၆၃)ပါးတို့အား စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ကြာနီကန်ဆရာတော်အရှင်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ အမျှပေးဝေကာ အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)