နောင်တရား မတ် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တီကျစ်မြို့၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလ စာမေးပွဲတော် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပသည်။
မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလ စာမေးပွဲတော်တွင် ဓမ္မာစရိယတန်း၌ (၁၇)ပါးဖြေဆိုပြီး (၁၀)ပါးအောင်မြင်ကြောင်း၊ ပဉ္စမတန်း၌(၁၅)ပါးဖြေဆိုပြီး (၉)ပါးအောင်မြင်ကြောင်း၊ စတုတ္ထတန်း၌ (၅၅)ပါးဖြေဆိုပြီး (၄၃)ပါးအောင်မြင်ကြောင်း၊ တတိယတန်း၌ (၇၃)ပါးဖြေဆိုပြီး (၄၃)ပါးအောင်မြင်ကြောင်း၊ ဒုတိယတန်း၌(၁၀၉)ပါးဖြေဆိုပြီး (၈၃)ပါးအောင်မြင်ကြောင်း၊ ပထမတန်း၌ (၁၂၉)ပါးဖြေဆိုပြီး (၁၁၁)ပါးအောင်မြင်ကြောင်း၊ မူလတန်း၌ (၁၆၈)ပါးဖြေဆိုပြီး (၁၄၁)ပါးအောင်မြင်ကြောင်း၊ ဥပစာတန်း၌ (၁၅၉)ပါးဖြေဆိုပြီး (၁၃၂)ပါးအောင်မြင်ကြောင်း စုစုပေါင်းစာဖြေသံဃာ (၇၂၅)ပါးဖြေဆိုပြီး (၅၇၂)ပါးအောင်မြင်ပြီး အောင်မြင်မှုရာခိုင်နှုန်း ၇၈ ရာခိုင်နှုန်းရှိသည်။
နံနက်ပိုင်းတွင် ဆရာတော်အရှင်သူမြက်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး မွန်းလွဲပိုင်းတွင် သံဃာတော်အရှင်သူမြက်များထံမှ ငါးပါသီလခံယူကာ မိမိတို့ပြုလုပ်အပ်သော ကောင်းမူကုသိုလ်အစုစုအတွက် ရေစက်ချအမျှတမ်းပေးဝေခဲ့သည်။ ထို့နောက် ထူးချွန်သံဃာတော်များနှင့် စာအောင်သံဃာတော်များကို ဆုနှင်းသဘင်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)