နောင်ချိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ကြည့်ရှုအားပေး

နောင်ချို မတ် ၁၈

ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ယမန်နေ့က နောင်ချိုမြို့နယ် အ.ထ.က(၁) စာစစ်ဌာန၌ စာမေးပွဲဖြေဆိုပြီးစီးခဲ့သည့် ကျောင်းသား/သူများအား ကြိုဆိုတွေ့ဆုံကာ အာဟာရဖြည့် အချိုရည်နှင့် မုန့်များ လှူဒါန်းပေးဝေခဲ့ကြကြောင်း သိရသည်။

၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို အမြို့မြို့အနယ်နယ်တွင် ကျင်းပလျက်ရှိရာ နောင်ချိုမြို့နယ်အနေဖြင့် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို အမှတ်(၁) အခြေခံပညာအထက်တန်း‌ကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ ၂၈၈ ဦး ဆက်လက်ဖြေဆိုခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပသည့်နေ့မှစ၍ စာမေးပွဲဖြေဆိုသည့် နေ့ရက်တိုင်းတွင် ဖြေဆိုပြီးစီးချိန်၌ ကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးသည့်အနေဖြင့် အချိုရည်နှင့်မုန့်များကို အလှူရှင်များကပေးဝေခဲ့ကြကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)