မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီး

မူဆယ် မတ် ၁၈

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ၏ စာစစ်ဌာနများတွင် မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့ထိ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။

မူဆယ်မြို့နယ်တွင် စာစစ်ဌာနတစ်ခုရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူစာရင်းရှိ ကျား ၂၂၇ ဦး၊ မ ၃၃၃ ဦး၊ စုစုပေါင်း ၅၆၀ ဦးရှိပြီး ဖြေဆိုသူပေါင်း ကျား ၂၁၃ ဦး၊ မ ၃၁၃ ဦး၊ စုစုပေါင်း ၅၂၆ ဦး ဝင်ရောက်ဖြေဆိုကြသည်။ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအားလုံး အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါစာစစ်ဌာနတွင် စာဖြေကျောင်းသား/ကျောင်းသူများ အေးချမ်းလုံခြုံစွာ ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲဖြေဆိုသည့် ကာလအတွင်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် ခရိုင်ဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် မြို့နယ်ဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး မုန့်၊ အချိုရည်နှင့် ရေသန့်များ ဝေငှခဲ့ကြကြောင်း သိရှိရပါသည်။ 

ချယ်ရီမြေ(မူဆယ်)