ဟိုပုံး မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများရှာမှီးနိုင်ရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများ ဖြစ်စေရန်ရည်ရွယ်၍ အထွေထွေဗဟုသုတဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် နှင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ စာအုပ်ပါ အထွေထွေဗဟုသုတမေးခွန်းများကို ဝင်ရောက်ဖြေဆိုကြပြီး ဆုရရှိသူ ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)