ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ (၁၃၈၇) ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ခိုလမ် မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၁၃၈၇) ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးက (၁၃၈၇) ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရန်အတွက် မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို သီရိမင်္ဂလာပန်းခြံရှေ့၊ ကျိုင်းတောင်းလမ်းဆုံတွင် ဆောက်လုပ်မည်ဖြစ်ပြီး ပြည်သူများ ပျော်ရွှင်ချမ်းမြေ့လုံခြုံစိတ်ချစွာ သင်္ကြန်ပွဲတော်ကိုဆင်နွဲနိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများက သတ်မှတ်ထားသော လုပ်ငန်းတာဝန်များကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင်ဆောင်ရွက်ကြရန်၊ မြို့အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဆပ်ကော်မတီအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ယိမ်းအကများ၊ ဖျော်ဖြေရေးအစီအစဉ်များ အဆင်ပြေစေမှုရှိစေရေး၊ ရေလုံလောက်စွာရရှိရေး၊ စတုဒိသာကျွေးမွေးရေး လုပ်ငန်းစီမံချက်များ၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သံဃာ‌တော်များမှ မြို့တွင်းအန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်နိုင်ရန်နှင့် သက်ကြီးဘိုးဘွားများ ကန်တော့နိုင်ရေးအစီအစဉ်များကို မြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးပြောကြားပြီးနောက် သက်ဆိုင်ရာလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရသည်။

ကျော်ဇင်(ခိုလမ်၊ ပြန်/ဆက်)