တောင်ကြီး မတ် ၁၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် (၉)နာရီက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း(ဒဲဥ်သီးဗွေ)ကွင်း၌ ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟို)ပူးပေါင်းဖွင့်လှစ်သည့် Teaching Assistant(TA)နှင့် Language Teacher(LT)နှင့် အစိုးရစာသင်ကျောင်းများတွင် သင်ကြားနေသည့် ပအိုဝ်းဆရာ/ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့အခမ်းအနားတွင် ပအိုဝ်းတိုင်းရင်းသားဘာသာ စာပေသင်အထောက်အကူပြု Teaching Assistant (TA)နှင့် Language Teacher(LT) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဖွင့်လှစ်ရန် ခွင့်ပြုရန်ပုံငွေကျပ် ၁၄,၃၀၀,၀၀၀ိ/(ကျပ်တစ်ရာလေးဆယ်သုံးသိန်းတိတိ)ကို ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ သင်တန်းတွင် ဒေသအသီးသီးမှ ပအိုဝ်းတိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ စုစုပေါင်း (၂၀၀)ဦးတို့အား သင်တန်းများပို့ချသွားမည့်ဖြစ်ပြီး သင်တန်းကာလမှာ (၅) ရက်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းကိုတက်ရောက်မည့် ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းကာလပြီးစီး၍ မိမိတို့ အရပ်ဒေသ ပြန်လည်ရောက်ရှိသည့်အချိန်တွင် သင်တန်းက ပို့ချသည့် သင်ခန်းစာများ၊ အသိပညာ၊ ဗဟုသုတများကို မျိုးဆက်သစ်လူငယ်များထံ ပြန်လည်မျှဝေနိုင်ရေးအတွက် ဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့ပေးခဲ့သည့် ရန်ပုံငွေများကို မိမိတို့ပအိုဝ်းတိုင်းရင်းသားများအတွက် အကျိုးဖြစ်ထွန်းစေမည့် ရိုးရာယဥ်ကျေးမှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၊ စာပေဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ပအိုဝ်းတိုင်းရင်းသားဘာသာစာပေ သင်အထောက်အကူပြု Teaching Assistant (TA) နှင့်Language Teacher (LT)ဆရာ၊ ဆရာမများမွမ်းမံသင်တန်းသို့တက်ရောက်ကြသော သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြမှ သင်ကြားပြသသည့်အချိန်တွင် စိတ်ပါဝင်စားစွာနှင့် လေ့လာသင်ယူကြပြီး တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ယခုဖွင့်လှစ်သည့်သင်တန်းကို အောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းအတွက် ထောက်ပံ့ငွေကျပ် ပေးအပ်ရာ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုမှ လက်ခံရယူသည်။
ယင်းနောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်ယဥ်မင်းစုက သင်တန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပအိုဝ်းစာပေသင်ရိုးညွှန်းတန်းပ ထမတန်း၊ ဒုတိယတန်း၊ တတိယတန်းဖတ်စာအုပ်များကို ကြည့်ရှုကြပြီး အခမ်းနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)