မဟာအောင်မြေ မတ် ၁၈
မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အားလပ်ရက်များတွင် ဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက လူငယ်လူရွယ်များကို ကျောင်းစာအပြင် အခြားဗဟုသုတများရရှိစေရန်၊ ကိုယ်စွမ်းဉာဏ်စွမ်းများ တိုးတက်လာစေရန်၊ စာပေမှာမွေ့လျော်ပြီး အမှားအမှန်ဝေဖန်နိုင်စေရန်၊ နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ အများကျိုး သယ်ပိုးထမ်းဆောင်စေလိုသောစိတ်များ မွေးမြူးတတ်လာစေရန် ဟောပြောခဲ့သည်။
မဟာအောင်မြေမြို့နယ်၌ နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီနှင့် ဝန်ထမ်းများက နံရံကပ်စာစောင်များ၊ စာအုပ်စာပေများကိုလည်း ခင်းကျင်းပြသခဲ့ပြီး ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်ပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်ဟောပြောပွဲများ၊ နံရံကပ်ပြပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အသိပေးဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း