မြစ်သားမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြစ်သား မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၁၃၈ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားနိုင်ရေးအတွက် မတ် ၁၈ ရက် နံနက် ၁၀ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်က ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သွားမည့် အစီစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဗဟိုရေကစားမဏ္ဍပ်နေရာချနိုင်ရေး၊ ရပ်ကွက်အသီးသီးမှ အကအလှယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေနိုင်ရေး၊ ရေကစားရန်ရေလုံလောက်စွာ‌ ရရှိနိုင်‌ရေး၊  ဘဏ္ဍာငွေရှာဖွေရေး၊ ဧည့်ခံကျွေးမွေးရေး၊  နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရား နာယူရန်၊ သက်ကြီးပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မတ်လ ၃၀ ရက်မှ ဧပြီလ ၂ ရက်နေ့အထိ ၄ ရက်ကြာ အစိုးရပါဠိပထမပြန် စာမေးပွဲစာဖြေသံဃာ ၁၇၂ ပါး ဆွမ်းကပ်လှူဒါန်းခြင်းကို ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် မဟာသင်္ကြန်ဆပ်ကော်မတီအသီးသီးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ကဏ္ဍအလိုက် တာဝန်ယူရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များ ကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ကိုဗဟိုရေကစားမဏ္ဍပ် (၁)ခုနှင့် ရပ်ကွက်များတွင် ရေကစားမဏ္ဍပ်ငယ်များ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေး အစီစဉ်များနှင့် စတုဒိသာ ကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 

ဝါဝါမြင့် (မြစ်သား)