အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲအောင် သံဃာတော်များအားစူဠ ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

အမရပူရ မတ် ၁၉

 အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို အမရပူရမြို့၊ မှန်တန်းရပ်ရှိ ဆင်ဖြူမယ်ကျောင်းတိုက်အတွင်းရှိ ဓမ္မသာလာကျောင်းဆောင်အတွင်း မတ် ၁၉ ရက် နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ထို့နောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ ဩဝါဒကထာနှင့် ရေစက်ချတရားနာယူခဲ့ကြသည်။

ထို့နောက် ပထမကြီးအောင် တစ်ပါးလျှင် အလှူငွေ ငါးသောင်းဖြင့် ၁၇ ပါး၊ ပထမလတ်အောင် တစ်ပါးလျှင် လေးသောင်း ဖြင့် ၁၁ ပါး၊ ပထမငယ်အောင် တစ်ပါးလျှင် သုံးသောင်းဖြင့် ၂၁ ပါး၊ အခြေပြုမူလတန်းအောင် တစ်ပါးလျှင် နှစ်သောင်းဖြင့် သံဃာ ၁၂၀ ပါး ၊ သီလရှင် လေးပါး၊ စုစုပေါင်း စာအောင်သံဃာတော်/ သီလရှင် ၁၇၃ ပါးတို့အား စာအောင်လက်မှတ်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ဆက်လက်ပြီး အဆိုပါကျောင်း၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေးအတွက် အစည်းအဝေး ပြုလုပ်ခဲ့ကြကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။

စိုးသီဟ (အမရ)