မန္တလေး မတ် ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက (၁၄-၁၁-၂၀၂၅) နေ့စွဲပါ အမိန့်အမှတ် (၂၀၃/၂၀၂၅)ဖြင့်လူမှုထူးချွန် (ပထမအဆင့်) ဂုဏ်ထူးဆောင်တံဆိပ်ရရှိသော မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ စာရေးဆရာအသင်းအတွင်းရေးမှူး ဦးမြဝေ(ခ)ဦးမြင့်ဆွေ (မောင်မြဝေ-ယောမင်းကြီး)အားလည်းကောင်း၊ လူမှုထူးချွန် (တတိယအဆင့်) ဂုဏ်ထူးဆောင်တံဆိပ်ရရှိသော အသင်းဝင်ဦးမောင်ဝင်း (၀င်းတိုး-စီမံ-၁၆၊ မှော်ဘီ) အားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကချီးမြှင့်သည့် ရတနာပုံလူမှုထူးချွန်ဆု တတိယအဆင့်ရရှိသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်တို့အား အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ထပ်ဆင့်ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို မတ်လ ၁၈ ရက်နေ့ နံနက်ကိုးနာရီခွဲက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ ၂၁×၂၂ လမ်းကြားရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centreခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းနာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေချစ်သူများ၊ စာပေဝါသနာရှင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းနာယက ဦးကံလှ(ဇေယျာဦး)နှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးရွှေမော်တို့က ဂုဏ်ပြုစကား ပြောကြားကြပြီး တက်ရောက်လာကြသူများက ဂုဏ်ထူးဆောင်ဆုရရှိကြသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြရာ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးမြဝေ(ခ)ဦးမြင့်ဆွေ (မောင်မြဝေ-ယောမင်းကြီး)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နာယက ဦးလှဘော်၊ ဥက္ကဋ္ဌ ဦးရွှေမော်၊ အဖွဲ့ဝင် ဦးစမ်းကြိုမ်(အိမ်တင်အေး)တို့က မုဒိတာစကားပြောကြားပေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း (အောင်စံ၊ပြန်/ဆက်)