တိုင်းဒေသကြီးဝန်ကြီးချုပ် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ပုသိမ်) သုံးထပ်သင်တန်းသားဆောင်ဖွင့်ပွဲများတက်ရောက်

ပုသိမ် မတ် ၁၉

(၈၁) နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း (တဲကြီးကုန်း)၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲမုခ်ဦးအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ရေထိန်းတံခါးများအား ဆက်လက်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များပက်ဖျန်း၍ ရေထိန်းတံခါးများနှင့် မြေထိန်းနံရံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် “ရိုးသားကြိုးစား ဧရာဝတီသား” ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁) နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း ပုသိမ်မြို့တွင်းအပိုင်း ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်၊ ကြခတ်ချောင်ကျေးရွာ၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ပုသိမ်) (၃)ထပ်သင်တန်းသားဆောင် (၁၃၆ပေ×၄၄ပေ) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးပြီး သုံးထပ်သင်တန်းသားဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားနှင့်ကာယ ပညာသိပ္ပံ (ပုသိမ်) မိုးလုံလေလုံအားကစားရုံတွင် နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်လှစ် သင်ကြားနေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များသည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ Ayeyarwaddy Fisheries Limited၏ ငါးမွေးကန်အား သွားရောက်ကြည့်ရှုအားပေးပြီးနောက် (၆၄)နှစ်မြောက်တောင်သူ လယ်သမားနေ့ အခမ်းအနားအတွက် ပြသရန်စိုက်ပျိုးခဲ့သော အိန္ဒိယနေကြာမျိုး (Suryakiran) ဆီထွက်သီးနှံနေကြာစံကွက်ရိတ်သိမ်းပွဲသို့တက်ရောက်၍ တောင်သူများနှင့်တွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကအမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များသည် ကျင်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်းမှ ရိတ်သိမ်းသည့်နေကြာပွင့်များ၊ နေကြာစိုက်ခင်းမှ ရိတ်သိမ်းသည့် နေကြာပွင့်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရှိ ပျားကျွမ်းကျင်ဝန်ထမ်းများက နေကြာစိုက်ခင်းများတွင် ဝတ်မှုန်ကူးဝန်ဆောင်မှု ဆောင်ရွက်ရန်ချထားသည့် ပျားပုံးများရှိ ပျားသလက်များမှ ပျားရည်စုဆောင်းရရှိမှုနှင့် လက်တွေ့ပျားရည် ထုတ်ယူပြသမှုများ၊ နေကြာစံကွက်ရိတ်သိမ်းခြင်းမှ ရရှိသည့်နေကြာပွင့်များအား အစေ့ချွေခြင်းတို့ကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)သို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဘာသာရပ်ဖြစ်သည့် မြို့ပြပုံဆွဲ ဘာသာရပ်၊ အခြေခံပရိုဂရမ် မိတ်ဆက်ဘာသာရပ်နှင့် စက်မှုပုံဆွဲဘာသာရပ်ဖြေဆိုနေမှုများကြည့်ရှုအားပေးခဲ့ပြီး ရန်ကုန်ပုသိမ်လမ်း မိုင် (၅၆/၀-၆၃/၀) အတွင်း ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မိုင် (၅၈/၁-၅၈/၂)အတွင်း လက်ဝဲဘက်ခြမ်းမျက်နှာပြင်လွှာကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မိုင်(၅၈/၆-၅၈/၇)အတွင်း လက်ယာဘက်ခြမ်းမျက်နှာပြင်လွှာကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် မိုင်(၆၁/၁-၆၁/၂)အတွင်း လက်ယာဘက်ခြမ်းမျက်နှာပြင်လွှာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)