ဟင်္သာတခရိုင်တွင် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ

ဟင်္သာတ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကျင်းပနိုင်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၁/၂၀၂၆ ကို ယမန်နေ့ ညနေပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်နှင့် ယမန်နှစ်က ကျင်းပခဲ့သော သင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ် တည်ဆောက်မှုပုံစံများ၊ စတုဒီသာမဏ္ဍပ်များ၊ လမ်းလျောက်သင်္ကြန် ဆောက်လုပ်ထားမှုများ၊ အကယိမ်း အဖွဲ့များ၏ ဖြေဖျော်တင်ဆက်မှုများကို ပါဝါပွိုင့်များနှင့်တကွ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများမှ အဖွဲ့ခေါင်းဆောင်များက မိမိတို့ တာဝန်ယူဆောင်ရွက်မည့် ကဏ္ဍများအလိုက် အသီးသီးတင်ပြဆွေးနွေးခဲ့ရာ ခရိုင်ဥက္ကဋ္ဌက လိုအပ်သည်များ ပြန်လည်ဖြည့်စွက်ဆွေးနွေးလမ်းညွှန်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)