အိမ်မဲ မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးအရာရှိနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်မေမြင့်မော်တို့က ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များ၊ ကလေးအလုပ်သမားဖြစ်ရသည့် အကြောင်းအရင်းများ၊ အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးသူငယ်များ အကြောင်းအစရှိသည့် ခေါင်းစဉ်များဖြင့် အသီးသီးအကျယ်တဝင့် ဟောပြောခဲ့ကြသည်။
ဆက်လက်ပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသရရှိစေမည့် စာအုပ်စာစောင်များကို ပြသပေးခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ်