စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ကျွန်းစုမြို့နယ်၌ လျှပ်စစ်ဓာတ်အားကို အချိန်အကန့်အသတ်ဖြင့်သာ ဖြန့်ဝေ

ကျွန်းစု မတ် ၂၀

စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများတွင် လောင်စာဆီ ကုန်ကျစရိတ်များ တိုးမြင့်လာမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လျှပ်စစ်ဓာတ်အားကို အချိန်အကန့်အသတ်ဖြင့် သာ ဖြန့်ဝေပေးနေကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းကို New Myanmar Renewable Energy ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မနက် ၁၀ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ တစ်ကြိမ်နှင့် ည ၆ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်၊ တစ်ရက်လျှင် ၈ နာရီသာအချိန်ခွဲ၍ ဖြန့်ဝေပေးလျက်ရှိသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုအတွက် မီတာခနှုန်းထားကို တစ်ယူနစ်လျှင် ကျပ် ၁၀၉၀ သတ်မှတ်ထားပြီး အခြေခံအသုံးပြုခအဖြစ် ၅ ယူနစ်လျှင် ကျပ် ၆၁၅၀ သတ်မှတ်ထားရှိပြီး မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်၊ တရခ၊ ကတ္တလူကျေးရွာ၊ ထိန်ချောင်းကျေးရွာ၊ လိပ်ကြယ်ကျေးရွာ၊ တီးပူကျေးရွာ၊ မရမ်းချောင်းကျေးရွာ၊ ကတန်ကျေးရွာ၊ ကပကျေးရွာ၊ ကမ်းကြီးကျေးရွာနှင့် ပြင်ထပ်အော်ကျေးရွာများဖြစ်ပြီး စုစုပေါင်း နေအိမ် ၁၈၆၇ အိမ်အား ဖြန့်ဖြူးပေးလျက်ရှိ‌ကြောင်း၊ စက်သုံးဆီဈေးနှုန်း အပြောင်းအလဲများအပေါ် မူတည်၍ လျှပ်စစ်မီး ဖြန့်ဖြူးချိန်ဇယားများ ပြောင်းလဲနိုင်ကြောင်း သိရသည်။

 ထက်မြင့်(ကျွန်းစု)