ခိုလမ် မတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ချမ်းမြေ့ဂုဏ်ဝေ ပရဟိတဘုန်းတော်ကြီးကျောင်း၊ ကွန်ပျူတာနှင့်အင်္ဂလိပ်စကားပြောသင်တန်းရှိ သင်တန်းသား၊ သင်တန်းသူများ၊ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအား အရင်းအမြစ်ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင်နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့၊ မွန်းလွဲ ၁ နာရီက ခိုလမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ချမ်းမြေ့ဂုဏ်ဝေ ပရဟိတဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွင် ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခိုလမ်မြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မေဦးက ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးဖြတ်မရသည့် ရတနာများဖြစ်သဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန်အတွက် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင် ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လူကုန်ကူးမှုပပျောက်ရေးအသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်(ခိုလမ်၊ပြန်/ဆက်)